အလင်းရောင်ကတော့ မော်ဒယ်ဘဝကတည်းက မိန်းကလေးပရိတ်သတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မင်းသားချောလေးတစ်ဦးဖြစ်ပြီး သရုပ်ဆောင်စလုပ်တော့လဲ ဇာတ်ရုပ်ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် နာမည်ကျော်လာသူတစ်ဦးပါ။

ရုပ်ရှင်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ သတို့သမီးရုပ်ရှင်နဲ့ အကယ်ဒမီဆန်ကာတင်စာရင်းဝင်ခဲ့တဲ့အလင်းရောင်ဟာ ၂၀၂၁ ခုနှစ် မြန်မာ့ရေးမှာလဲ ပြည်သူတွေနဲ့အတူ ရှေ့ဆုံးကရပ်တည်ခဲ့တာကြောင့် ပြည်သူ့အချစ်တော်လေးဖြစ်လာပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

အခြားအနုပညာရှင်တွေကတော့ အရင်လိုအနုပညာအလုပ်တွေပြန်လုပ်နေကြပြီဖြစ်ပေမယ့် အလင်းရောင်ကတော့ အခုထိပရိတ်သတ်တွေနဲ့ရော ဝါသနာပါတဲ့အလုပ်တွေနဲ့ ဝေးကွာနေဆဲပါ။

ဧပြီလ ၂၂ ရက်နေ့ ဒီနေ့ကတော့ ပရိတ်သတ်ချစ်တဲ့ အလင်းရောင်ရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး ၁၉၉၂ ခုနှစ်မွေးဖွားသူဖြစ်တာကြောင့် အသက် ၃၀ ပြည့်ပြီပဲဖြစ်ပါတယ်။

သူ့ရဲ့အသက် ၃၀ ပြည့်မွေးနေ့လေးမှာ ကျေးဇူးတင်ထိုက်သူတွေကိုကျေးဇူးတင်ကြောင်းနဲ့ ဘဝမှာဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေအပြင် အချိန်အကြာကြီးပြင်ဆင်ထားပြီးမထွက်ဖြစ်တဲ့ ဇာတ်လမ်းတိုလေးကိုထွက်ရှိပေးမယ့်အကြောင်းလဲ ပြောပြခဲ့ပါတယ်။

‘ဒီနေ့ကတော့ ကျွန်တော့်ရဲ့ အသက် ၃၀ ပြည့် မွေးနေ့လေးပါ။ ကျွန်တော့်ကို မွေးဖွား မြေတောင်မြှောက်ခဲ့တဲ့ မိဘနှစ်ပါး နဲ့ ခင်ပွန်းကြီး ၁၀ပါးတို့ကို ရောက်ရှိရာနေရာကနေ စိတ်မှန်းနဲ့ ကန်တော့လိုက်ပါတယ်။
အချိန်တွေ ကုန်တာ မြန်လွန်းတယ်တယ်။ အသက် ၃၀ ဆိုတာ လူ့သက်တမ်းရဲ့ တဝက်နီးပါပဲ။ ဖြတ်သန်းခဲ့တဲ့ ကာလကို ပြန်သုံးသပ်ကြည့်တဲ့အခါမှာလဲ မတည်မြဲခြင်း သဘောတရားတွေ၊ ဘဝအတွေ့အကြုံတွေနဲ့ နောက်ကျောကို ထိုးတဲ့ ဓားချက်တွေလဲ အများကြီးရခဲ့ပါပြီ။ အထူးသဖြင့် ဒီတစ်နှစ်တာကာလမှာပေါ့…
လောကကြီးက ဘာပဲဖြစ်နေနေပါ။
ကျွန်တော်ကတော့ အားလုံးသိတဲ့ “အလင်းရောင်” အနေနဲ့ပဲ ဆက်ရှိနေမှာပါ။

တလက်စထဲ မှာပဲ လွန်ခဲ့သော နှစ်တွေထဲက ပြင်ဆင်ထားပြီး မထွက်ရှိဖြစ်သေးတဲ့ Light Diary ရဲ့ အပိုင်းဆက် Unearth My Memories ဆိုတဲ့ Documentary Film လေး မကြာခင်အချိန်
အတွင်းမှာ ထုတ်လွှင့်ပြသသွားပါမယ်လို့
ပရိတ်သတ်ကြီး ကို အသိပေးကြေညာချင်ပါတယ်၊
ပရိသတ်တွေကိုလဲ ကျွန်တော် နေကောင်းကျန်းမာစွာနဲ့ အားလုံးကိုသတိတရရှိနေပါတယ်လို့ ပြောချင်ပါတယ်။
အားလုံးပဲ မြန်မာနှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နဲ့ ပြည်စုံနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျာ။ ’

အလင်းရောင်ရဲ့ ထိပ်စည်းပြောင်းတဲ့ အသက် ၃၀ ပြည့် မွေးနေ့လေးမှာ ပရိတ်သတ်တွေနဲ့ မြန်မာပြည်သူတွေအားလုံးက ဆုတောင်းပေးတဲ့မွေးနေ့ဆုတောင်းတွေနဲ့ ပီတိဖြစ်နေမယ်ထင်ပါတယ်နော်။
Nana
Celepedia Myanmar